U Tet Tut (26 Nov 1910-22 Dec 1978) is an extra-ordinary Burmese scholar. A native of Okshipin village , Monywey, Monywa, he studied at Rangoon University, and was in School of Oriental and African Studies, London for his master degree in Pali Language in 1936. He worked a lot for his thesis. He started to write a paper, but was never satisfied with his work. He used to tear his papers whenever he completed a chapter. This habit obsessed him and he never completed his thesis. But he had contributed a lot for his native land. He donated very rare Parabeiks and Pe manuscripts of Konbaung period, which were taken away by British soldiers during the third Anglo-Burma war in 1885. Yet he lived at 45, Bernard Road, London till he passed away in 1978. He never came back to Burma, except a very short return for just one month in 1939. He helped his fellow scholars during their stay in London for their further studies. He helped the British with preparing Burmese papers at GCE exams, and the foreign department with translating Burmese records. He declared himself a Burmese citizen of independent Burma in 1948. Can we label him “an unfaithful, unpatriotic guy”?
စကော်လာဦးတက်ထွတ် ဆိုတာရွှေပြည်ကြီးကကိုရင်တာတို့အရပ်သား။ မုံရွေးဥသျှစ်ပင်ဇာတိ။ စနေသား ၁၉၁၀ နိုဝင်ဘာ ၂၆ မွေး။ ၁၉၇၈ ဒီဇင်ဘာ ၂၂ မှာကွယ်လွန်။ ဗမာပြည်ကြီးကြီးပွား ဖို့ ဘိလပ်ပြည်မှာ ပါဠိမဟာဝိဇ္ဖာဘွဲ့အတွက် ၁၉၃၆ မှာ စောစံဖိုးသင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သံအမတ်ကြီးဟောင်း ဦးအုန်း တို့နဲ့အတူ ပညာတော်သင်သွားရင်းနဲ့ သေသည်ထိ အဲဒီမှာနေသွားသူ။ ရွှေပြည်ကြီးကို တစ်ခါလား (၁၉၃၉ မှာ) လည်ရုံသက်သက် တစ်လကြာခဏပြန်လာဖူးသူ။ သူက London School of Oriental and African Studies မှာ မဟာဝိဇ္ဖာကျမ်းပြု ရာမှာ တစ်ခန်းရေးလိုက် ဆုတ်ဖြဲလိုက်နဲ့ ကျမ်းမပြီးဘူးလို့ သိရတယ်။ တစ်ချို့က တစ်မျက်နှာတောင်မပြီးဘူးလို့ ပြောကြတယ်။ ကျမ်းမပြီးလို့ ဘွဲ့သာမရတာ သူကတော့ သူ့ပညာရပ်မှာ ပေါက်မြောက်လွန်းလို့ သိမ်းမြစ်ကမ်းက မြို့မှာ ဆရာတစ်ဆူလို အသိအမှတ်အပြုခံရတာတော့ အမှန်ပါ။ GCE စာမေးပွဲမှာ မြန်မာကျောင်းသားရှိရင် မြန်မာစာမေးခွန်းထုတ်တာ သူခင်ဗျ။ ဘိလပ်နိုင်ငံခြားရေးရုံးကမြန်မာနိုင်ငံနဲ့ဆိုင်တဲ့မှတ်တမ်းတွေ ဘာသာပြန်ရင်သူပဲကူညီရတာလို့သိရတယ်။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ကာလတစ်ခုကြာတာဝန်ထမ်းခဲ့ဖူးသေးတယ်။ လန်ဒန်က အမှတ် (၄၅) ဘားနာ့ဒ်လမ်း တိုက်ခန်းမှာအသက်ထက်ဆုံး နေပြီး မိမိနိုင်ငံကလာတဲ့ ပညာတော်သင်တွေကို ကျမ်းပြုရာ စာအုပ်စာတမ်းစုဆောင်းရာမှာ ရှယ်ကူညီရင်းနဲ့ ပျော်ပျော်ကြီး နေသွားသူဖြစ်ပါတယ်။ ဦးငွေကိုင်တို့၊ ဒေါက်တာသန်းထွန်းတို့ ဆိုတာ လန်ဒန်ပညာတော်သင်ဘ၀မှာ သူ့ဆီကအကူအညီအတော်ရခဲ့တယ်လို့ဆိုကြပါတယ်။ နိုင်ငံကိုမချစ်ဘူးဆိုရအောင်လည်းအခက်သားကလား။ အင်္ဂလိပ်စစ်သားတွေ ဖိုးတွမ်တီးလုပ်သွားတဲ့ ရှားပါးပရပိုက်တွေ၊ ပေမူတွေကို ဈေးကြီးပေးဝယ်ပြီး ရွှေပြည်ကြီးကအမျိုးသားစာကြည့်တိုက်နဲ့ ပြတိုက်ကိုပေးလှူခဲ့သူလည်းဖြစ်ပါတယ်။ ရွှေပြည်ကြီးလွတ်လပ်ရေးရတော့ မဆိုင်းမတွ ရွှေပြည်ကြီးပေါက်၊ ရွှေနိုင်ငံသား ဖြစ်ကြောင်းကြေငြာခဲ့တာလည်း သူပဲခင်ဗျ။ မိတ်ဆွေပဲ ဒီလိုလူမျိုးကို ရှာကြည့်ဖို့ လွယ်မလွယ် ကိုယ့်ဘာသာကိုယ် တွေးကြည့်ပါဦး။
ပန်းချီဆရာကြီးဦးဘသက် (1903 – 1972) ဆိုတာ မန္တလေးရှေ့တော်ပြေးဝင်းသားခင်ဗျ။ အရင်မန္တလေးသား တွေကတော့ “ ရှေ့တော်ပြေးဝင်းကထွက်ရင် ဘယ်နေရာမဆိုချွန်ရမယ်၊ လွန်ရမယ်” လို့ အမွှန်းတင်လေ့ရှိတယ်။ ဦးဘသက်အကြောင်းကို မန္တလေးသူ ဒေါ်အမာရေးထားတာကို ကိုးကားရင် ပိုပြီးသရုပ်ပေါ်ပါလိမ့်မယ်။
“ ဦးဘသက်က ငယ်ငယ်ကတည်းက စာမသင်ချင်ဘူး၊ စာသာမသင်ချင်တာ သူ့မှာ အနုပညာ ဗီဇကတော့ အလိုလို ရှိနေတယ်ထင်ပါရဲ့။ တစ်ခါ မဏ္ဍပ်ဆရာဆရာဘူးအိမ်မှာ ကျောင်းပြေးရင်းဝင်ပုန်းနေတော့ ရှမ်းပွဲက ငွေ ၇၀၀ ပေးပြီး ဘယ်သူနဲ့မှမတူအောင် မဏ္ဍပ်တစ်ဆောင်အပ်တော့ ဆရာက မီးသွေးခဲနဲ့ ခြစ်ပြီး ပန်းတွေကို ရေးနေတာကို မြင်တော့ ဦးဘသက်ဖြစ်လာမယ့် ကလေးက “ ငွေ ၇၀၀ တောင်ယူပြီးတစ်ခါလာလည်းဒါပဲ “ လို့ ပြောတော့ ဆရာဘူးကနားငြီးပြီး “ဒီကောင်လေးလက်ထဲကို အဖြူထည်တခုပေးထားလိုက် စမ်းကွာ၊ နားငြီးလွန်းလို့”ပြောလိုက်သတဲ့။ အဖြူထည်ရတော့မောင်ဘသက်က ကိုယ့်ဟာကိုယ် ဆေးစပ်ပြီး ကနုတ်ပန်းတွေ ရေးကာ တိတ်တိတ်ထားပြီးပြန်သွားတယ်။ သူပြန်သွားမှ သူ့လက်ရာကကောင်းလွန်းနေလို့ အိမ်ကနေ တစ်ခေါက်ပြန်ပင့် ပြီးအချောဆွဲခိုင်းရသတဲ့။ ပန်းထိမ်ဖိုကိုအပ်ပေးတော့လည်းအားလုံးကြိုတတ်နေပြီးလက်ရာကလည်းကောင်းလွန်းတော့ ဆရာတောင်လက်ဖျားခါရသတဲ့။
ကျောက်စိမ်းတုံးလေးလက်မပတ်လည်လောက်ကို အိမ်မှာဘုရားထုတော့လည်းလက်နက်က သူ့ဘာသာ ထက်အောင်သွေးပြီးလုပ်ထားတဲ့ ကိုယ်ပိုင်လက်နက်တွေဖြစ်တဲ့ ငွေမူးစေ့တို့ ၊ ကြေးပိုက်ဆံတို့။ ဘုရားဆင်းတုရတော့ တရုတ်တန်းက တရုတ်ပန်းပုဆရာကြီးကို သွားပြတော့ ဒါဘယ်ကရလဲ။ ဟောင်ကောင်ကမှလုပ်နိုင်တဲ့ လက်ရာလို့ တရုတ်ကြီးက ပြောသတဲ့။
ပန်းချီဆွဲတော့လည်း တွေ့ကရာ ပစ္စည်းတွေနဲ့ ဆွဲပေမယ့် လက်ရာကပထမတန်းစား ဖြစ်နေတတ်တယ်။ ပေါ်ဦးသက်ရဲ့ နောက်ဆုံးနာမည် သက် ဟာ သူ့ဆရာဦးဘသက်ကို လေးစားလွန်းလို့ထည့်ထားတာပါ။ “ဘကြီးသက်ပန်းချီဆွဲရင်သူရေးတာကို ရင်မကြည့်ရတယ်။ စတန့်တွေ၊ မခန့်လေးစားတွေကသိပ်များတာ။ ရေဆေးဆွဲတာ ၀ါတာကာလာဆိုတာ ငါ့လက်ထဲမှာ ရှိတာပါကွာ ဆိုတဲ့ စတိုင်နဲ့ ပိုင်လိုက်တဲ့ လုပ်ပေါက်။ မန္တလေးတောင်ပုံကို ပြဿာဒ်ကစဆွဲပြီးမှ တကားလုံးပြန့်သွားတာမျိုးလုပ်တယ်။ ink and pen ဆွဲပြန်တော့လည်း ကြည့်ရတာလှိုင်းစီးနေရသလိုပဲ” လို့ ဆရာပေါ်ဦးသက်ကပြောပါတယ်။ တကယ့်ကို the hand, the head, and the heart together go with the man ဆိုတဲ့လူစားမျိုးပါ။

No comments:
Post a Comment