Saturday, February 13, 2010

ဟိုးတုန်းက လွမ်းစရာ…

ငယ်ငယ်တုန်းကအတွေးတွေဟာ လတ်ဆတ်တယ်။ လန်းဆန်းတယ်။ တက်ကြွတယ်။ တကယ်တော့ အတိတ်ဆိုတာ ပစ္စုပ္ပန်ကနေပြန်လှည့်ကြည့်ရင်း အနာဂတ်အတွက် အားယူရတဲ့ ကိစ္စမျိုးပါ..။ ကြုံကြိုက်လို့ ငယ်ငယ်ကအတွေးလေးတွေကို တင်ပြလိုက်ရပါတယ်။
အိပ်ချင်လို့သန်းပေမယ့်
သန်းရင်လည်းအိပ်ချင်ပြေပါတယ်..။
ကျနော် အိပ်ချင်ယောင်ဆောင်ဖို့သန်းဝေလိုက်တယ်..
သန်းဝေကတော့ ဆီးဂိမ်းမှာ ဘောသွားကန်တယ်
တီဗွီဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ကလေးတွေ များများလာနေတယ်
ရေများများသောက်ရင်တော့ကျန်းမာရေးကောင်းတယ် ပြောကြတယ်
အမေကတော့ သေနာလေး နင်ဘာမှမကောင်းဘူးပြောတယ်
နေမကောင်းတုန်းကတော့ ချစ်သူလာသွားတယ်..။
မီးပွိုင့်မှာ မီးနီမိတုန်း ချစ်ရသူ NINA ကို တွေ့လိုက်တယ်..
ကျနော်ကတော့ ရွှေဒုံးဘီအောင်ရဲ့ အတွေ့ ကို သွားကြည့်လိုက်တယ်
လူတွေကြည့်ပုံတမျိုးဖြစ်နေပါလား
ကျေးဇူးပြု၍ ဘီလ်ဂိတ်နဲ့အမျိုးတော်ပါရစေ
ဒါနဲ့ ချီဂွေဗာရာ တောင် NIKE တံဆိပ်ကြီး ခေါင်းပေါ်တင်လို့
ကျန်ဇီမင်း တောင် new china ideology ဆိုတဲ့ ဆိုင်းပုတ် ကိုင်ပြီး မဟာတံတိုင်းကြီးကို ဆေးပြန်သုတ်ဖို့လုပ်နေပြီ..
မိုးကုန်ရင် အိမ်တွေပြန်ပြီင်္း ဆေးသုတ်ကြတော့မယ်
အလစ်သုတ်သမားတစ်ယောက်ကို ပေါလွန်းတဲ့ အချိန်တွေ ပေးခိုးလိုက်တယ်
အချိန်ဟာ ထွက်ပြီးသား ဆင်စွယ်နဲ့တူတယ်တဲ့
ဆင်စွယ်တွေကို အာဖရိကမှာမီးပုံရှို့ တယ်
မီးရှို့လို့ရမယ်ဆို ရင် သူမအမုန်းတွေကို မီးပုံရှို့  ပစ်လိုက်ချင်တယ်
ထွဏ်းထွဏ်းကတော့ ရှို့ မီး တဲ့
အင်ဒိုနီးရှားမှာတော့ တောမီးအကြီးအကျယ် လောင်သွားတယ်
ဆူဟာတိုကတော့ သူတပြားမှ လာဘ်မစားရပါတဲ့
ကျနော်ကတော့ အခုရက်အစားအသောက်ပျက်တယ်
ဇာတ်ပျက်တဲ့ ဆေးကျောင်းသားတစ်ယောက်ကတော့ loss of appetite လို့မကြားတကြားရွတ်သွားတယ်
ငှက်ကလေးတွေ မနက်ဆို ကဗျာရွတ်ကြတယ်
ကျနော် အရှေ့ဟာအရှေ့ အနောက်ဟာအနောက်လို့ တိုးတိုးရွတ်ကြည့်တယ်
ရွှေနိုင်ငံသား ဒေါက်တာ ရဲနိုင် နဲ့ မာလာယုကျွန်းသား မဟာသီယာ ကတော့ အရှေ့ကိုကြည့်ပါတဲ့
တံခွန်တိုင်နဲ့ ရွှေကုက္ကားကတော့ အနောက် မှာ ရှိတယ်
အရှေ့တိုင်းရဲ့ အလင်းရောင်က မေတ္တာတရားနဲ့ ဗုဒ္ဓဘာသာပဲ
ကွယ်လွန်သွားတဲ့ဆရာကြီး ဦးဘခင် သက်တော်ရာကျော်ရှည်ပါစေ
ရာကျော်စပါးတွေတော့အထွက်တိုးကုန်ပြီ
တိုးတက်မှုဆိုတိုင်း အရည်အချင်းနဲ့ အရည်အတွက် ဘယ်ဟာကအရေးကြီးလဲ
အရေးအကြီးဆုံးကတော့ သစ္စာနဲ့ ကိုယ်ကျင့်တရားပဲ

မြန်မာပြည်ကို လာခဲ့ပါ
အလင်းပိတ်ဝတ္ထုမှ x RAY ရိုက်လို့ရတယ်
ကျေးဇူးပြု၍ ငယ်စဉ်ကရွှေရောင်အိပ်မက်များကို X RAY ရိုက်ပေးပါ..
ပန်းခြံထဲမှာကောင်မလေးကိုကောင်လေးကပါးရိုက်တယ်
ပါးပြင်ပေါ်ကနေ့စွဲများကိုသတိရချင်သည်
အတိတ်မေ့သစ်သီးများကို ချိပ်ပိတ်တင်ဒါနှင့်ဝယ်ယူချင်သည်..
တားမြစ်သစ်သီးတွေတယ်လဲပေါသကိုး
အာဒမ်နဲ့ ဧ၀ တားမြစ်သစ်သီးကို ဘယ်သူစစားတာလဲ
သီပေါမင်းရဲ့ အဘယ်လက်ကို စုဘုရားလတ်စဆွဲတာလဲ
အောက်ဈေးနဲ့တော့ အချစ်ကိုလေလံဆွဲလို့မရဘူးဗျ
ပန်းချီဆွဲတဲ့ ကိုပြည့်ဖြိုး ကျန်းခန့်သာလို့မာပါစေ
အခုတော့ အားလုံးကျန်းမာရေးအတွက် အိပ်ချင်ယောင်ဆောင်လိုက်ပါဦးမည်
ဘာပဲဖြစ်ဖြစ်
အိပ်ချင်လို့သန်းပေမယ့်
သန်းရင်လည်းအိပ်ချင်ပြေပါတယ်..။


…….        ……..

တချို့ စာပိုဒ်တွေက မေ့နေလို့ မှတ်မိသလောက် ပြန်စဉ်းစားရင်းရေးကြည့်လိုက်တာပါ…။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အကြောင်းတွေဖြစ်တဲ့ သန်းဝေ ဆီးဂိမ်းမှာ ဘောလုံးကန်တာကစလို့ ကျန်ဇီမင်းတို့ သီပေါမင်းလက်ကို ဆွဲတဲ့ပြဿနာအထိ အကုန်ပါပါတယ်..။ တွေးကြည့်ရင် လွမ်းဖို့ထက်ကောင်းတဲ့ ကိစ္စတွေကို ဆင်ခြင်နိုင်မှာပါ..။

Tuesday, January 5, 2010

စကော်လာ ဦးတက်ထွတ် နှင့် ပန်းချီဆရာ ဦးဘသက် တို့အကြောင်း

U Tet Tut (26 Nov 1910-22 Dec 1978) is an extra-ordinary Burmese scholar. A native of Okshipin village , Monywey, Monywa, he studied at Rangoon University, and was in School of Oriental and African Studies, London for his master degree in Pali Language in 1936. He worked a lot for his thesis. He started to write a paper, but was never satisfied with his work. He used to tear his papers whenever he completed a chapter. This habit obsessed him and he never completed his thesis. But he had contributed a lot for his native land. He donated very rare  Parabeiks and Pe manuscripts of Konbaung period, which were taken away by British soldiers during the third Anglo-Burma war in 1885. Yet he lived at 45, Bernard Road, London till he passed away in 1978. He never came back to Burma, except a very short return for just one month in 1939. He helped his fellow scholars during their stay in London for their further studies. He helped the British with preparing Burmese papers at GCE exams, and the foreign department with translating Burmese records.  He declared himself a Burmese citizen of independent Burma in 1948. Can we label him “an unfaithful, unpatriotic guy”?
စကော်လာဦးတက်ထွတ် ဆိုတာရွှေပြည်ကြီးကကိုရင်တာတို့အရပ်သား။ မုံရွေးဥသျှစ်ပင်ဇာတိ။ စနေသား ၁၉၁၀ နိုဝင်ဘာ ၂၆ မွေး။ ၁၉၇၈ ဒီဇင်ဘာ ၂၂ မှာကွယ်လွန်။ ဗမာပြည်ကြီးကြီးပွား ဖို့ ဘိလပ်ပြည်မှာ ပါဠိမဟာဝိဇ္ဖာဘွဲ့အတွက် ၁၉၃၆ မှာ စောစံဖိုးသင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သံအမတ်ကြီးဟောင်း ဦးအုန်း တို့နဲ့အတူ ပညာတော်သင်သွားရင်းနဲ့ သေသည်ထိ အဲဒီမှာနေသွားသူ။ ရွှေပြည်ကြီးကို တစ်ခါလား (၁၉၃၉ မှာ) လည်ရုံသက်သက် တစ်လကြာခဏပြန်လာဖူးသူ။ သူက London School of Oriental and African Studies  မှာ မဟာဝိဇ္ဖာကျမ်းပြု ရာမှာ တစ်ခန်းရေးလိုက် ဆုတ်ဖြဲလိုက်နဲ့ ကျမ်းမပြီးဘူးလို့ သိရတယ်။ တစ်ချို့က တစ်မျက်နှာတောင်မပြီးဘူးလို့ ပြောကြတယ်။ ကျမ်းမပြီးလို့ ဘွဲ့သာမရတာ သူကတော့ သူ့ပညာရပ်မှာ ပေါက်မြောက်လွန်းလို့ သိမ်းမြစ်ကမ်းက မြို့မှာ ဆရာတစ်ဆူလို အသိအမှတ်အပြုခံရတာတော့ အမှန်ပါ။ GCE စာမေးပွဲမှာ မြန်မာကျောင်းသားရှိရင် မြန်မာစာမေးခွန်းထုတ်တာ သူခင်ဗျ။ ဘိလပ်နိုင်ငံခြားရေးရုံးကမြန်မာနိုင်ငံနဲ့ဆိုင်တဲ့မှတ်တမ်းတွေ ဘာသာပြန်ရင်သူပဲကူညီရတာလို့သိရတယ်။ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ကာလတစ်ခုကြာတာဝန်ထမ်းခဲ့ဖူးသေးတယ်။ လန်ဒန်က အမှတ် (၄၅) ဘားနာ့ဒ်လမ်း တိုက်ခန်းမှာအသက်ထက်ဆုံး နေပြီး မိမိနိုင်ငံကလာတဲ့ ပညာတော်သင်တွေကို ကျမ်းပြုရာ စာအုပ်စာတမ်းစုဆောင်းရာမှာ ရှယ်ကူညီရင်းနဲ့ ပျော်ပျော်ကြီး နေသွားသူဖြစ်ပါတယ်။ ဦးငွေကိုင်တို့၊ ဒေါက်တာသန်းထွန်းတို့ ဆိုတာ လန်ဒန်ပညာတော်သင်ဘ၀မှာ သူ့ဆီကအကူအညီအတော်ရခဲ့တယ်လို့ဆိုကြပါတယ်။ နိုင်ငံကိုမချစ်ဘူးဆိုရအောင်လည်းအခက်သားကလား။ အင်္ဂလိပ်စစ်သားတွေ ဖိုးတွမ်တီးလုပ်သွားတဲ့ ရှားပါးပရပိုက်တွေ၊ ပေမူတွေကို ဈေးကြီးပေးဝယ်ပြီး ရွှေပြည်ကြီးကအမျိုးသားစာကြည့်တိုက်နဲ့ ပြတိုက်ကိုပေးလှူခဲ့သူလည်းဖြစ်ပါတယ်။ ရွှေပြည်ကြီးလွတ်လပ်ရေးရတော့ မဆိုင်းမတွ ရွှေပြည်ကြီးပေါက်၊ ရွှေနိုင်ငံသား ဖြစ်ကြောင်းကြေငြာခဲ့တာလည်း သူပဲခင်ဗျ။ မိတ်ဆွေပဲ ဒီလိုလူမျိုးကို ရှာကြည့်ဖို့ လွယ်မလွယ် ကိုယ့်ဘာသာကိုယ် တွေးကြည့်ပါဦး။

ပန်းချီဆရာကြီးဦးဘသက် (1903 – 1972) ဆိုတာ မန္တလေးရှေ့တော်ပြေးဝင်းသားခင်ဗျ။ အရင်မန္တလေးသား တွေကတော့ “ ရှေ့တော်ပြေးဝင်းကထွက်ရင် ဘယ်နေရာမဆိုချွန်ရမယ်၊ လွန်ရမယ်” လို့ အမွှန်းတင်လေ့ရှိတယ်။ ဦးဘသက်အကြောင်းကို မန္တလေးသူ ဒေါ်အမာရေးထားတာကို ကိုးကားရင် ပိုပြီးသရုပ်ပေါ်ပါလိမ့်မယ်။
“  ဦးဘသက်က ငယ်ငယ်ကတည်းက စာမသင်ချင်ဘူး၊ စာသာမသင်ချင်တာ သူ့မှာ အနုပညာ ဗီဇကတော့ အလိုလို ရှိနေတယ်ထင်ပါရဲ့။ တစ်ခါ မဏ္ဍပ်ဆရာဆရာဘူးအိမ်မှာ ကျောင်းပြေးရင်းဝင်ပုန်းနေတော့ ရှမ်းပွဲက ငွေ ၇၀၀ ပေးပြီး ဘယ်သူနဲ့မှမတူအောင် မဏ္ဍပ်တစ်ဆောင်အပ်တော့ ဆရာက မီးသွေးခဲနဲ့ ခြစ်ပြီး ပန်းတွေကို ရေးနေတာကို မြင်တော့ ဦးဘသက်ဖြစ်လာမယ့် ကလေးက “ ငွေ ၇၀၀ တောင်ယူပြီးတစ်ခါလာလည်းဒါပဲ “ လို့ ပြောတော့ ဆရာဘူးကနားငြီးပြီး “ဒီကောင်လေးလက်ထဲကို အဖြူထည်တခုပေးထားလိုက် စမ်းကွာ၊ နားငြီးလွန်းလို့”ပြောလိုက်သတဲ့။ အဖြူထည်ရတော့မောင်ဘသက်က ကိုယ့်ဟာကိုယ် ဆေးစပ်ပြီး ကနုတ်ပန်းတွေ ရေးကာ တိတ်တိတ်ထားပြီးပြန်သွားတယ်။ သူပြန်သွားမှ သူ့လက်ရာကကောင်းလွန်းနေလို့ အိမ်ကနေ တစ်ခေါက်ပြန်ပင့် ပြီးအချောဆွဲခိုင်းရသတဲ့။ ပန်းထိမ်ဖိုကိုအပ်ပေးတော့လည်းအားလုံးကြိုတတ်နေပြီးလက်ရာကလည်းကောင်းလွန်းတော့ ဆရာတောင်လက်ဖျားခါရသတဲ့။
ကျောက်စိမ်းတုံးလေးလက်မပတ်လည်လောက်ကို အိမ်မှာဘုရားထုတော့လည်းလက်နက်က သူ့ဘာသာ ထက်အောင်သွေးပြီးလုပ်ထားတဲ့ ကိုယ်ပိုင်လက်နက်တွေဖြစ်တဲ့ ငွေမူးစေ့တို့ ၊ ကြေးပိုက်ဆံတို့။ ဘုရားဆင်းတုရတော့ တရုတ်တန်းက တရုတ်ပန်းပုဆရာကြီးကို သွားပြတော့ ဒါဘယ်ကရလဲ။ ဟောင်ကောင်ကမှလုပ်နိုင်တဲ့ လက်ရာလို့ တရုတ်ကြီးက ပြောသတဲ့။
ပန်းချီဆွဲတော့လည်း တွေ့ကရာ ပစ္စည်းတွေနဲ့ ဆွဲပေမယ့် လက်ရာကပထမတန်းစား ဖြစ်နေတတ်တယ်။ ပေါ်ဦးသက်ရဲ့ နောက်ဆုံးနာမည် သက် ဟာ သူ့ဆရာဦးဘသက်ကို လေးစားလွန်းလို့ထည့်ထားတာပါ။ “ဘကြီးသက်ပန်းချီဆွဲရင်သူရေးတာကို ရင်မကြည့်ရတယ်။ စတန့်တွေ၊ မခန့်လေးစားတွေကသိပ်များတာ။ ရေဆေးဆွဲတာ ၀ါတာကာလာဆိုတာ ငါ့လက်ထဲမှာ ရှိတာပါကွာ ဆိုတဲ့ စတိုင်နဲ့ ပိုင်လိုက်တဲ့ လုပ်ပေါက်။ မန္တလေးတောင်ပုံကို ပြဿာဒ်ကစဆွဲပြီးမှ တကားလုံးပြန့်သွားတာမျိုးလုပ်တယ်။ ink and pen ဆွဲပြန်တော့လည်း ကြည့်ရတာလှိုင်းစီးနေရသလိုပဲ” လို့ ဆရာပေါ်ဦးသက်ကပြောပါတယ်။ တကယ့်ကို the hand, the head, and the heart together go with the man ဆိုတဲ့လူစားမျိုးပါ။

ဗမာ လူထူးလူဆန်းများ…

အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ဟာ ဗမာလူမျိုးတော်တော်များများ သိတော်မူကြပြီးသားပါ။ တော်တာမတော်တာ နောက်ထား..သူတို့ဘာကြောင့်ထူးခြားရတယ်ဆိုတာကို တင်ပြထားတာပါ..။ လိုအပ်ရာရာကို comment ၀င်ပေး..ပေးကြပါဦး။
၁။ ဦးတက်ထွတ်
၂။ ဦးဘသက်
၃။ ဦးအောင်ဆန်း
၎။ ဒေါက်တာ သန်းထွန်း
၅။ ဗဒုံမင်း
၆။ ဒေါက်တာ ဘမော်
၇။ ဦးခင်မောင်ရင်
၈။ အီကြာကွေး
၉။ ဦးဝင်းဖေ
၁၀။ ဦးဘညွန့်
တစ်ဦးစီအကြောင်းကို ပို့စ် အလိုက် တင်ပြပေးပါ့မယ်။

လွမ်းစရာ့ဧရာဝတီ....


သီချင်းဆိုတဲ့သွားလေသူ ကိုငှက်ကြီးခေါ် ထူးအိမ်သင်က ရာဇ၀င်များရဲ့ သူတို့သမီး လို့ နာမည်ပေးသွားသလိုပါပဲ။ ဧရာဝတီဟာ သူစီးဆင်းရာခရီးတလျှောက်မှာ ကဗျာတွေကိုသီဖွဲ့ရင်း လောကကိုအလှဆင်နေတယ်။ အခုမြင်ရတာ မြစ်ကြေပိုင်းက လူးလွန့်နေတဲ့ မြစ်ဧရာရဲ့ ဆောင်းတွင်းနံနက်အလှကိုဝိုးတ၀ါးမြင်ရပုံ ဖြစ်ပါတယ်။ သေသေချာချာကြည့်ရင်တွေ့ရမှာက မြစ်အလယ်တည့်တည့်လောက်မှာ ထွန်းနေတဲ့ ရေလယ်ကျွန်းပါ။ အဲဒီရေလယ်ကျွန်းဟာ အခုမြင်ရတဲ့ကမ်းစပ်ကနေ နွေဥတုရေနည်းချိန်ဆိုရင် ရေကူးစရာတောင်မလိုပဲ ရင်စို့မရောက်တရောက် ရေကိုဖြတ်ပြီး လမ်းလျှောက်သွားလို့ရပါတယ်။ ရေလယ်က ကျွန်းမှာ ပက်လက်လှန်ချပြီး မျက်လုံးလေးတွေမှေးစင်းကာ ဧရာဝတီကိုခေါင်းအုံးပြီး အိပ်မက်လှလှ ကို သင်ကောင်းစွာမက်နိုင်မှာပါ။ ရန်ကုန်ရွှေမြို့တော်ကြီးကနေ နေ့ချင်းပြန်အလည်သွားချင်လျှင် babyhtuthtut@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။ ခရီးသွားအေဂျင်စီမဟုတ်ပါ။ သတင်းဝန်ဆောင်မှုပေးရုံသက်သက်ပါ။

Monday, January 4, 2010

လွတ်လပ်ရေးနေ့အတွေးများ…




၁၉၄၇-၄၈ ကာလများဆီကပါ။ ပြောကြတာကမြန်မာပြည်ဟာလွတ်လပ်ရေးနဲ့မတန်သေးဘူးတဲ့။ လွတ်လပ်ရေးသာပေးလိုက်ရင် သွေးချောင်းစီးမှာတဲ့ဗျာ။ ဒါက ကိုလိုနီဝါဒကို လက်ကိုင်ပြုထားတဲ့သူများ၊ ချာချီရဲ့ ကွန်ဆာ့ဗတစ်နောက်လိုက်နောက်ပါများရဲ့ဟောကိန်းပါ။ အခုအချိန်မှာ ပြန်တွေးကြည့်လိုက်တော့လည်း ဟုတ်သလိုလိုပါပဲလား လို့ထင်ရနိုင်ပါတယ်။ ဒါပေမယ့်..၁၈၈၅ ပါတော်မူပြီးကတည်းက ၀ိုင်အမ်ဘီအေ၊ နောက် ဂျီစီဘီအေ၊ ပထမကျောင်းသားသပိတ်၊ ဆရာတော် ဦးဝိစာရ၊ ဦးဥတ္တမ၊ ဂဠုန်ဆရာစံ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ၊ ရဲဘော်သုံးကျိပ်၊ ဒို့ဗမာအစည်းအရုံး၊ ဘီအိုင်အေ၊ ဖက်ဆစ်တော်လှန်ရေး၊ ဖဆပလ၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ အာဇာနည်နေ့၊ နု-အက်တလီစာချုပ်၊ လက်ျာ-ဖရီးမင်းစာချုပ်….. နောက်ဆုံး ၁၉၄၈ ဇန်န၀ါရီ ၄ နံနက် ၄ နာရီ မိနစ် ၂၀ …ခရီးလမ်းကကြမ်း၊ အရင်းအနှီးတွေကများ..ဘယ်မှာလွပ်လပ်ရေးနဲ့မတန်ရမှာလဲ။ တန်လွန်းမက ဟိုးဘက်တောင်ရောက်သေး။ အင်း..ဒါပေမယ့်…ပေါ့…ဗျာ..။
မြို့ငယ်လေးတစ်ခုကို အခုရက်ထဲပေါ့ဗျာ..ရောက်သွားခဲ့တယ်။ အဲဒီမှာ ကျောက်စာတွေကိုတွေ့ခဲ့ရတယ်။ ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ထားတာ ဒီမြို့နဲ့ပါအပါဆိုရင် ရွှေပြည်ကြီးမှာ သုံးလေးမြို့ပဲရှိတယ်ဆိုပဲ။ ထား..ပါ။ အဓိကပြောပြချင်တာက လွပ်လပ်ရေးရအောင်အတူတူကြိုးပမ်းခဲ့ပါလျက် အာဃာတတွေကြီးခဲ့ကြတဲ့အကြောင်းပါ။ စောစောကပြောတဲ့ကျောက်စာတွေကို ပိဋကတ်တိုက်လိုမျိုး အဆောက်အဦးနဲ့ တခမ်းတနားထားပြီးတော့ အဲဒီအဆောက်အဦကနေ လမ်းမကို သွားတဲ့စင်္ကြံန်လမ်းကို တန်ဆောင်းတစ်ခုနဲ့ဆက်ထားတယ်။ ဒေသခံတွေကတော့ ပေ ငါးရာလောက်ရှည်တဲ့တန်ဆောင်းတစ်ခုလုံးကို သံထည်တွေနဲ့ချည်းလုပ်ထားတော့ သံတန်ဆောင်းလို့အလွယ်ခေါ်ကြတယ်။ ပုံမှာကြည့်ပါ။ ၁၂၉၂ မှာ လှုဒါန်းထားတဲ့ အဆောက်အဦးရယ်၊ အဲဒီ တန်ဆောင်းဘေးက ယာခင်းလေးရယ်..ဆွတ်ပျံ့ဖွယ်တွေ့ရမှာပါ။ အဲဒီတန်ဆောင်းလေးကို ဖြတ်ကျော်ပြီး အုတ်သျှစ်သီးနှစ်လုံးထုကြသလိုမျိုး ၁၉၅၀ နှစ်များဆီမှာ ညီအစ်ကိုတစ်တွေ တိုက်ကြတဲ့ ပြည်တွင်းစစ်မီး တောက်ခဲ့ကြဖူးပါတယ်။ ရိုင်ဖယ်၊ မိုင်နှစ်ဆယ်၊ တိုင်မကွယ်နဲ့ ဆိုတဲ့စာချိုးလေးကလဲရှိတော့ သံတန်ဆောင်းလေးခမျာမှာများ ပုံထဲမှာတွေ့တော်မူကြတဲ့အတိုင်းပါပဲ။



A get-together of High School students of Danubyu


A get-together party of Alumni of State High School, Danubyu, Ayeyarwaddy Division was held in the school compound on 26th December 2009. Proceeding along this party was paying homage to the elderly teachers. A total of 10 million kyats was offered to the teachers. This is the 12th of its kind in the school. Among the participants was famous violinist U Tin Yee, who performed his string orchestra in the misty night, in honor of his teachers and the townsfolk. (Photo)